အသံထိန်းကြွက်သား အကြောသေခြင်းဆိုတာ
အသံကို ထိန်းချုပ်တဲ့ကြွက်သားသည် ပုံမှန်လို မလှုပ်ရှားနိုင်၊ မစွမ်းဆောင်နိုင်တဲ့ အခြေအနေကို vocal cord paralysis လို့ခေါ်ပါတယ်။ အသံအိုး (ဆေးပညာအခေါ် larynx) ရဲ့ အာရုံခံနိုင်စွမ်းတွေ ပြတ်တောက်သွားတဲ့အခါ အသံထိန်းချုပ်ကြွက်သားများ အကြောသေကာ အလုပ်မလုပ်နိုင် ဖြစ်ရပါတယ်။
အသံကြိုးဆိုတာ အသံရှူပြွန်အဝမှာ ခွထိုင်လျက် ရှိနေတဲ့ အလိုက်သင့်ရွေ့လျားပေးနိုင်တဲ့ ကြိုးပြားပုံစံ ကြွက်သားနှစ်ချောင်း ဖြစ်ပါတယ်။ စကားပြောတဲ့အချိန်မှာ ထိုကြွက်သားပြားနှစ်ခုဟာ ကပ်သွားပြီး တုန်ခါကာ အသံထွက်လာစေတယ်။ ကျန်အချိန်တွေမှာ အသက်ရှူလို့ရအောင် ကြွက်သားနှစ်ချောင်းဟာ ခပ်ခွာခွာနေပြီး အပွင့်ဖြစ်နေစေတယ်။
အသံကြိုးက အကြောသေရင် တစ်ဖက်ပဲ ဖြစ်တာများပါတယ်။ နှစ်ဖက်စလုံး အကြောသေတာက ရှိတတ်ပေမဲ့ ရှားပါတယ်။ ဒီအသံထိန်းကြွက်သားများ အကြောသေတဲ့အခါ စကားပြောရင် အသံထွက်လာအောင် မလုပ်နို်င်တော့တာ၊ အသက်ရှူရခက်တာမျိုးတွေ ရင်ဆိုင်ရတတ်ပါတယ်။ ဒီကြွက်သားတွေဟာ အသံထုတ်ပေးရာမှာ ပါဝင်ရုံမက အစာနဲ့ အရည်များအပြင် တံတွေးမှအစ အသက်ရှုလမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းကို တားဆီးပေးကာ အစာသီးခြင်း၊နင်ခြင်း မဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဘာကြောင့် အသံထိန်းကြွက်သားများ အကြောသေရသလဲ
- ခွဲစိတ်နေစဉ်မှာ အသံထိန်းကြွက်သားကို မတော်တဆ ထိခိုက်မိခြင်း
- လည်ပင်းနဲ့ ရင်ဘတ်မှာ ထိခိုက်ဒဏ်ရခြင်း
- လေဖြတ်ရောဂါ
- အသံထိန်းကြွက်သား၊ အရိုးနုနဲ့ အာရုံကြောများ တစ်ဝိုက်မှာ အကြိတ်ဖြစ်ပေါ်ခြင်း
- ပိုးဝင်ခြင်း ( ရေယုံ၊ Epstein- Barr ဗိုင်းရပ်စ်၊ Covid 19 ဗိုင်းရပ်စ်)
- အာရုံကြော ပြသာနာများ ( Parkinson ရောဂါ) စတဲ့ အခြေအနေအရပ်ရပ်မှာ အသံထိန်းကြွက်သား ထိခိုက်ကာ အကြောသေတတ်ပါတယ်။
အသံကြိုး (အသံထိန်းကြွက်သား) မှာ ပြသာနာရှိရင် ဘာတွေခံစားရလဲ
အသံဩလာမယ်၊ အသက်ရှူနေချိန်မှာ ဆူညံသံတွေ မြည်နေတတ်တယ်၊ မောမယ်၊ အမြင့်သံတွေ မအော်နိုင်တော့ဘူး၊ အသက်ရှူတာနဲ့ အသံထုတ်တာ ညှိရခက်မယ်၊ အစာတို့ ရေတို့ မြိုချနေချိန်မှာ သီးတတ်တယ်၊ ချောင်းဆိုးတတ်တယ်၊ စကားပြောနေရင် ခဏခဏ နားပြီး အသက်ရှူရမယ်၊ အသံကျယ်ကျယ်နဲ့ စကားပြောမရတော့ဘူး၊ မကြာခဏ ချွဲရှင်းရတယ်၊ ချောင်းဆိုးရတာ အဆင်မပြေဖြစ်တတ်ပါတယ်။
အသက်ရှုရခက်ခဲတဲ့ ပြသာနာသည် အသံကြိုးအကြောသေခြင်းနဲ့ ဆက်စပ်ခဲ့သော် အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားအထိ ပြင်းထန်နိုင်တဲ့အတွက် အကြောင်းအရင်းမရှိ အသံဩလာတာ ၂-၄ပတ်အထိ ကြာလာပြီဆိုရင်၊ အသံပြောင်းလာရင်၊ အခံရခက်လာခဲ့ရင် နား၊နှာခေါင်း၊ လည်ချောင်းအထူးကုထံ သွားရောက်ဆွေးနွေး ကုသဖို့ခံယူရန် တိုက်တွန်းပါတယ်။
ရေးသားသူ - Dr. MMT